Rainbow Diet ဘာလို့ စားပေးသင့်တာလဲ
နေ့စဉ် စားသုံးမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတော်လေး အရေးပါတယ်ဆိုတာကို မပြောပြရင်တောင် တော်တော်များများက သိထားပြီးသား ဖြစ်မှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ဆိုရင် နေ့စဉ်စားသောက်ရာမှာ အရောင်အသွေး စုံစုံလင်လင် ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ အရောင်အသွေး စုံလင်ဖို့ရာမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တွေ အသီးအနှံနဲ့ အစားအစာလေးတွေကို မှီဝဲတာမျိုးကိုပြောတာပေါ့။ ဒါကိုပဲ Rainbow Diet ဒါမှမဟုတ် Color Diet လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
ဒီလို Colorful ဖြစ်အောင် စားသုံးတာက အမြင်အာရုံ ကျန်းမာစေရုံသာမက အရောင်ကျစေတာ၊ နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ လိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးတာ၊ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ Rainbow Diet ကို စားပေးတဲ့အခါ ကောင်းကျိုးတွေ အများကြီးရစေတဲ့ အဓိကအကြောင်းတရားကတော့ ဒီအသီးအရွက်တွေမှာ သဘာဝအတိုင်း Phytochemicals တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေလို့ပါပဲ။
နောက်ပြီး ဒီအရောင်အသွေး စုံလင်တဲ့ အသီးအရွက်တွေက အရောင်အသွေး တစ်ခုစီအလိုက် မတူညီတဲ့ ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင်တော့ ...
အနီရောင်
အနီရောင် ရှိတဲ့ အသီးအရွက်တွေက နှလုံး ကျန်းမာစေသလို၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်သလို ဦးနှောက် ကျန်းမာစေပြီး လေဖြတ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အနီရောင်အဆင်းကို ပိုင်ဆိုင်ထားတဲ့ အသီးအရွက်တွေ ဖြစ်ကြတဲ့ ခရမ်းချဉ်သီး၊ မုန်လာဥ သကြားမုန်လာ၊ ချယ်ရီသီး၊ စတော်ဘယ်ရီသီး၊ အနီရောင် ကြက်သွန်နီ နဲ့ ငရုတ်ပွ အနီရောင် စတာတွေက Lycopene ပါဝင်နေတာကြောင့်ပါ။
အနီရောင် နဲ့ အဝါရောင်
Carotenoids ပါဝင်နေတဲ့ အသီးအရွက်တွေ ဖြစ်ကြတဲ့ မုန်လာဥနီ၊ တရုတ်ဇီးသီး၊ ငရုတ်ပွ အဝါရောင်၊ ရွှေကန်စွန်းဥ၊ ငှက်ပျောသီး၊ နာနတ်သီး၊ သရက်သီး၊ ရွှေဖရုံသီး၊ မက်မွန်သီး နဲ့ လိမ္မော်သီး စတာတွေက နှလုံး ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေမှာပါ။ အသားအရေ ကျန်းမာစေသလို အမြင်အာရုံ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
အစိမ်းရောင်
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ Indoles နဲ့ Isothiocyanates တို့ ပါဝင်နေသလို ဗီတာမင် ကေ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်ရော ဗိုက်ထဲက ဘေဘီလေးကိုပါ ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အနေနဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ကီဝီသီး၊ လက်ဖက်စိမ်း၊ ကညွတ်၊ ကိုက်လန် စတာတွေကို စားပေးလို့ ရပါတယ်။
အဖြူရောင်နဲ့ အညိုရောင်
အဖြူရောင်နဲ့ အညိုရောင် ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာကျိတ်တွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဖလေဗာနွိုက်နဲ့ Allicin တို့ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက သွေးတွင်းအဆီ ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အဖြူရောင်နဲ့ အညိုရောင် ဟင်းသီးဟင်းရွက်တွေ အနေနဲ့ မှို၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် စတာတွေကို စားပေးလို့ ရပါတယ်။
အပြာရောင်နဲ့ ခရမ်းရောင်
အပြာရောင်နဲ့ ခရမ်းရောင်လိုမျိုး အသီးအနှံတွေ ဖြစ်ကြတဲ့ ဘလူးဘယ်ရီသီး၊ ဘလက်ခ် ဘယ်ရီသီးတွေ၊ ခရမ်းသီး၊ သဖန်းသီး၊ ခရမ်းရောင် ဂေါ်ဖီထုပ်၊ စပျစ်သီး၊ ဇီးသီး စတာတွေမှာ Anthocyanins တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာစေသလို လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကဲဒီလောက်ဆိုရင် Rainbow Diet ကို ဘာလို့စားပေးသင့်လဲဆိုတာနဲ့ Rainbow Diet စားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို နားလည်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆုံးအထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
မွန်မွန်